Daw Moe
ဆုယူနေတာမဟုတ်ပါဘူးနော်။ အဲ့ဒါ ရွှေတိဂုံဘုရားက ဂေါပက ရုံးခန်းမှာပါ။ ဖြစ်ပုံက သူငယ်ချင်းနှစ်ယောက် မြောက်ဘက်မုခ်ကနေ ဘုရားပေါ်တက်လာပြီး ဘုရားအရင် ရှိမခိုးဘဲ ဓာတ်ပုံရိုက်နေကြတာ။ မြောက်ဘက်တန်ဆောင်းမှာ ခဏထိုင်ကြပြီးတော့ “နင့်ကျောပိုးအိတ် ဒီတိုင်နားချထားခဲ့၊ဟိုဘက်နားသွားရိုက်ရအောင်”လို့ပြောတော့ “ဟပ် သူများကောက်ယူသွားရင်ကား”တဲ့။ ကိုယ်ကလည်း ဆရာကြီးအထာနဲ့ “ငါတို့ရောက်နေတာ ဘုရားပေါ်ဟေ့။ ဘယ်သူကမှ နင့်အိတ်အစုတ်ကြီး ကောက်ယူမသွားဘူး၊နင်တောမဆန်စမ်းနဲ့”ဆိုပြီး ငေါက်လိုက်သေးတာ။ သူကခုမှ ရွာကတက်လာတာကိုး။ ရွှေတိဂုံတောင် ပမထဆုံးအကြိမ်ရောက်လာခြင်းပဲ။ ဒီလိုနဲ့ အိတ်လေးချထားခဲ့ပြီး နှစ်ယောက်သားပုံတွေစရိုက်ကြ။ ဘယ်လောက်ထိ ရိုက်ကြလဲမမေးနဲ့။ ရိုက်လိုက်နေရာပြောင်းလိုက်၊ဘုရားထိုင်ရှိခိုးလိုက်နဲ့ပဲဘုရားကို တစ်ပတ်ပါလည်သွားတဲ့အထိပဲ။ ရိုက်လာခဲ့ကြတာ ဘယ်လောက်ကြာသွားမှန်းမသိ။ ဘုရားပေါ်ကနေ မိုက်နဲ့အော်နေတဲ့အသံထွက်လာတော့မှ ကျောပိုးအိတ်ကိုသတိရကြသည်။ “ဘုရားရဲ့ မြောက်ဘက်တန်ဆောင်းကနေ အိတ်တစ်လုံးကောက်ရထားပါတယ်။ ဂေါပကရုံးခန်းကိုလာယူပေးပါ”တဲ့။ နှစ်ယောက်လုံး ပြူးခနဲ ပဲ။ “ငါတို့အိတ်ကြီးလားမသိ၊ဇော်ဇော်အောင် နင်တော့နော၊ပျောက်လို့ကတော့” တဲ့။ အိတ်ထားခဲ့တဲ့နေရာဆီ ခပ်သွက်သွက်လေးပြေးလာခဲ့ကြတယ်။ ဟုတ်ပါတယ်။ သူ့ကျောပိုးအိတ်ကြီးမရှိတော့ပါဘူး။ အဲ့အချိန်ဘေးမှာ ထိုင်နေတဲ့ဦးလေးကြီးတစ်ယောက်က “ဟေ့၊မင်းတို့အိတ်လာရှာတာလား၊ ခဏက ဒီနားမှာ ဘယ်သူ့အိတ်လဲ လိုက်မေးနေတာတွေ့တယ်၊ပိုင်ရှင်မပေါ်လို့ ကောက်သွားပြီ၊ဂေါပကရုံးခန်းကိုသွား”တဲ့။ ဂေါပကရုံးခန်းတဲ့။ ဘယ်နားမှာရှိမှန်းက မသိ။ စက်သံကလည်း ထွက်လာပြန်ပြီ။ အိတ်တစ်လုံးကောက်ရထားပါတယ်တဲ့။ ဟိုလူ့မေး ဒီလူ့မေးနဲ့ပဲ နောက်ဆုံးတော့ အဲ့ဂေါပကရုံးခန်းကိုရောက်သွားပါလေရော။ အိတ်ထဲ ဘာတွေပါလဲ။ ပိုက်ဆံဘယ်လောက်ထည့်ထားလဲ။ စုံနေအောင်မေး။ သူငယ်ချင်းက အသားမဲပေမယ့် မှတ်ဉာဏ်ကောင်းတော့ အကုန်မှန်အောင်ဖြေနိုင်ပါတယ်။ ဒါပေမယ့် မပြီးသေးဘူး။ နေတဲ့လိပ်စာ၊အမည်၊ ဖုန်းနံပါတ်တွေ ချရေးခိုင်း။ ပြီးတော့ မှတ်တမ်းဓာတ်ပုံရိုက်ရဦးမယ်တဲ့။ အလယ်မှာက အမျိုးသမီးတစ်ဦးကရပ်။ ဘေးကဦးလေးကြီးတစ်ယောက်က ကျောပိုးအိတ်လေးကို ကမ်းပေး။ သူက လက်နှစ်ဖက်လေးဆန့်လို့ယူ။ တကယ့်ကို ဆုပေးပွဲကျနေတာပဲဟေ့။ နောက်ကို အခုလို ချမထားခဲ့ဖို့၊ဘုရားပေါ်ဆိုပေမယ့် ရရင်ရသလို သုတ်မယ့်သူတွေရှိကြောင်း နှစ်ယောက်သားကို တရားဟောပေးကြနဲ့။ ရှိသေးတယ်။ ဘုရားပေါ်မရောက်ခင် ကားပေါ်ကဆင်းတော့ ပန်းသည်လေးတွေ လေးယောက်လောက် ပြေးလာကြတယ်။ ကိုယ်ကတော့ အထာနပ်နေပြီ။ မယူတော့ဘူးလို့အတင်းငြင်းပြီး ခပ်သွက်သွက် ရှောင်ထွက်ခဲ့သည်။ ဘေးက ပါမလာလို့ နောက်ကိုလှည့်ကြည့်လိုက်တော့ အမလေး မယ်မင်းကြီးမက ပန်းစီးကိုသုံးစီးကြီးများတောင်ကိုင်လို့။ ပြုံးပြုံးကြီး လျှောက်လာနေရင်း ကောင်မလေးတစ်ယောက်က နောက်ကနေပြေးလိုက်လာသည်။ “အစ်မ ပန်းဖိုးလေးပေးခဲ့ဦးလေ”တဲ့။ “ဟမ်၊ပေးတာမဟုတ်ဘူးလား” တဲ့ ပြန်မေးပုံက။ “ တစ်စီးကို ထောင့်ငါးရာ၊သုံးစီးကို လေးထောင်ပဲပေး”တဲ့။ အဲ့မှာ ဂွကျသွားပြီ။ “ရှင်၊ဒါဆိုတစ်စီးပဲ ယူတော့မယ်၊ရော့”ဆိုပြီး ပန်းတွေပြန်ပေး။ အိတ်ထဲက ထောင့်ငါးရာလေးထုတ်ပေးလိုက်ရ။ “ပန်းက ဘုရားစောင်းတန်းမှာ ဝယ်လို့ရတယ်၊လှလှလေးတွေ၊နင်ဘာတွေလျှောက်ဝယ်တာလဲ”ဆိုပြီး ပြောတော့ “ဘယ်လိုလုပ်သိမှာလဲ၊ သူတို့က ငါ့ဆီလာပြီး အစ်မဒီပန်းလေးယူသွားနော်၊ကုသိုလ်ရချင်လို့ပါ၊အစ်မယူသွားနော်”ဆိုပြီး ဇွတ်အတင်းတွေပေးတော့ “ငါက အလကားပေးတယ်၊ပန်းတွေလှူနေကြတယ်ထင်ပြီး ယူလာတာပေါ့၊ရောင်းနေမှန်းမှ မသိတာတဲ့”
Part 1

